ခေါင်းကိုက်နေရင် အချိန်တိုအတွင်း သက်သာစေဖို့
ခေါင်းကိုက်တာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာ အစုစုထဲက တစ်ခုပေါ့။ အတော်လေးလည်း ခံရခက်ပါတယ်။ ဒါပေမယ့် သတင်းကောင်းက ခေါင်းကိုက်တာကို ဆေးခန်းတွေဘာတွေ သွားစရာမလိုဘဲ သက်သာပျောက်ကင်းအောင် လုပ်ဆောင်နိုင်တယ်ဆိုတာပါ။
ခေါင်းကိုက်တာကြောင့် နေ့စဉ်အလုပ်တွေကို ထိခိုက်စေတာမျိုးမရှိဘဲ ခေါင်းကိုက်တာကို သက်သာစေမယ့် နည်းလမ်းလေးတွေက ဘာတွေများ ဖြစ်မလဲဆိုတာ အဆုံးထိ ဖတ်ကြည့်လိုက်နော်။
ရေသောက်ပါ
ခေါင်းကိုက်တာက ရေဓာတ်နည်းနေတာကြောင့် အဖြစ်များပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာပြီဆိုရင် အရင်ဆုံး ရေတစ်ခွက် ဝဝသောက်လိုက်ပါ။
ရေခဲဝတ် ကပ်ပါ
ခေါင်းကိုက်လာပြီဆိုရင် နဖူးကို ရေခဲဝတ်လေး ကပ်ပေးပါ။ ရေခဲတုံးလေးတွေကို တဘက်ထဲ ထည့်ပြီး နဖူးပေါ်မှာ ၁၅ မိနစ်လောက် တင်ထားပေးပါ။
ရေနွေးဝတ် ကပ်ပါ
ခေါင်းအရမ်း ကိုက်လာပြီဆိုရင် ဇက်ကြောတလျှောက်ကို ရေနွေးဝတ်လေး ကပ်ပေးပါ။ ရေနွေးနွေးနဲ့ ရေချိုးပေးတာကလည်း နည်းလမ်းကောင်းပါ။
ခေါင်းပေါ်က တင်းအားတွေကိုဖြေလျှော့ပါ
ဆံပင်ကို ခပ်တင်းတင်း စည်းထားတာ၊ ဘီးကုတ်တွေဝတ်ထားတာမျိုး ရှိရင် ဖြုတ်လိုက်ပြီး ခေါင်းပေါ်က တင်းအားတွေကို လျှော့ပေးတာကလည်း ခေါင်းကိုက်တာကို သက်သာစေနိုင်မယ့် နည်းလမ်းပါ။
အလင်းရောင် လျှော့ပါ
ကွန်ပျူတာ စခရင်က အလင်းစူးလွန်းတာ၊ ဖုန်းအလင်းစူးတာတွေကလည်း ခေါင်းကိုက်စေနိုင်ပါတယ်။ ဒါကြောင့် အလင်းရောင်စူးစူးတွေကို လျှော့ပေးပါ။ မျက်စိကို အနားပေးပါ။
အိပ်ရေးဝဝ အိပ်လိုက်ပါ
ခေါင်းကိုက်ရတဲ့ အကြောင်းအရင်းက အိပ်ရေးမဝတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာချိန်မှာ တိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ အိပ်ရေးဝဝ အိပ်လိုက်ပါ။
ခေါင်းကိုက်လာပြီဆိုရင် အမြန်ဆုံး သက်သာစေဖို့ ဒီနည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ရပါတယ်။
မွန်မွန်